နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ဗဟို သန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ ဖြင့် တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက  သန်းခေါင်စာရင်း ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အပါအဝင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သော်လည်း အချို့ မြို့နယ်များ၌ ဖွဲ့စည်းရန် အနည်းငယ်ကျန်ရှိနေသည့် ရပ်ကွက်၊ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်၍ ကော်မတီအဆင့်ဆင့်က အချင်းချင်းညှိနှိုင်း ပေါင်းစပ်ကာ လုပ်ငန်းများလျာထားချက်အတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံနှင့် ပတ်သက်၍ မေးခွန်း(၆၈) ခုပါဝင်သည့် အိမ်ထောင်စု မေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများကို စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမေးမြန်း ကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း။  

 

စမ်းသပ်သန်းခေါင်စာရင်းကို ရွေးချယ်သတ်မှတ်ထားသည့် မြို့နယ် (၂၀) မှ စာရင်းကောက်ကွက် (၁၀၀) ၌ Mobile Tablet များဖြင့် မိမိတို့ဌာန ဝန်ထမ်းများက သက်ဆိုင်ရာသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီများအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် လိုအပ်သည့်အုပ်ချုပ်မှုကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စာရင်းစစ်စာရင်း ကောက်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့် ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင်ရေး၊ ပြည်သူလူထု အသိပညာပေးရေး စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ပါ ကြောင်း၊   ယခုပြည်လုံး ကျွတ်သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မိမိတို့ပြည်တွင်း အင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် ရရှိလာမည့် သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့် နှိုင်းယှဉ်တိုက်ဆိုင်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အထောက်အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ တွေ့ကြုံနိုင်သည့်အခက်အခဲ များကို ဝိုင်းဝန်းအဖြေရှာဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းသုံးသပ်ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ရေးအတွက် တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး(၂) ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က သန်းခေါင်စာရင်းအချက်အလက်များ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း အောင်မြင်ရေးအတွက် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ်စာရင်းကောက်များဖွဲ့စည်းမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးဖြည့်စွက် ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)