နေပြည်တော် စက်တင်ဘာ ၂၀

 

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမနှင့် သာသနာ့ဗိမာန်တို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများသို့ သွားရောက်တွေ့ဆုံ အားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်း၌ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး သင်တန်းမှ ပို့ချချက်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ သန်းခေါင်စာရင်း မေးခွန်းအချက် အလက်များ စနစ်တကျ မေးမြန်းကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း လို ကြောင်း၊ ယခု ဒေသတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများ များစွာရှိနေသည့်အတွက် မထပ်မကျန် ကောက်ယူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကွင်းဆင်း ကောက်ယူရန် (၁၀)ရက်သာလိုတော့သည့်အတွက် မထပ်မကျန် ကောက်ယူ နိုင်ရေးနှင့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်မျှော်တွေးစီ စဉ်ဆောင်ရွက် ထားကြရန်လိုကြောင်း ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းနည်းပြများ၏ သန်းခေါင်စာရင်းဆိုင်ရာ သင်ခန်းစာများ ဆွေးနွေးပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့ သာသနာ့ဗိမာန်၌ ဖွင့်လှစ်လျက်ရှိသည့် မြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့လည်းကောင်း၊ ဇေယျာသီရိမြို့နယ် စုပေါင်းခန်းမ၌ ဖွင့်လှစ် လျက်ရှိသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့လည်းကောင်း သွားရောက်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားကာ သင်တန်းနည်းပြများ၏ သင်ခန်းစာဆွေးနွေးပို့ချနေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့ရှိ ငွေတောင်တောရ ပရိယတ္တိကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေကြီးရေလျှံမှုသဘာဝ ဘေးဒဏ်ကြုံတွေ့ခဲ့သည့် တပ်ကုန်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တပ်ကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း များကို အိမ်ထောင်စု ကိုယ်စားလှယ်များ ထံပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက်သန်းခေါင် စာရင်းဆိုင်ရာ အထောက်အကူပြု စပို့ရှပ် အင်္ကျီနှင့် ဦးထုပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို  ဝေငှပေးအပ်ကာ ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြားသည်။

 

ထို့နောက် ငွေတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆိုင်ရာဆောင်ရွက်မှုများကို လျှောက်ထားသည်။

 

၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅  ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်ရေးအတွက် ယခုအခါ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် အသီးသီး၌ ဖွင့်လှစ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ဆွေးနွေးပို့ချလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)