ရန်ကုန်  ဧပြီ  ၄

အလုပ်သမားဝန်ကြီးဌာန၏ ခရိုင်/ မြို့နယ်တာဝန်ခံများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ဧပြီ ၄ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်မည့် လုပ်ငန်းခွင် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊  ခန်းမအတွင်း သင်တန်းသား (၄၈) ဦးနှင့် Online မှ  သင်တန်းသား (၇၀) စုစုပေါင်း (၁၁၈)ဦး တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနများမှ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် လုပ်ငန်းခွင်အတွင်း လက်တွေ့ လုပ်ဆောင်ရာတွင် အခက်အခဲမရှိစေရန် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ တစ်ဆင့်ရရှိသည့် အသိပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချပြီး အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များကို မှန်မှန်နှင့် အပြည့်အဝ ခံစားရရှိစေရေး ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတာဝန်ခံနှင့် နည်းပြများ က ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ် အကိုင် လမ်းညွှန်သင်တန်းပို့ချနေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ထို့နောက် ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဥပဒေနှင့်အညီ ပြည်ပအလုပ် အကိုင်အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Indentification Card – OWIC) ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြည်ပရွှေ့ပြောင်းလုပ်သားများကို OWIC ကတ်ပြားများ မှန်ကန်မြန်ဆန်စွာ ထုတ်ပေးရန်မှာကြားသည်။

ဆက်လက်၍ ပုလဲရတနာ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းတွင် IT လုပ်ငန်းဆိုင်ရာ သင်တန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ သုခစုစံဝန်ဆောင်မှု ကုမ္ပဏီ၏ စက်မှုလက်မှု ကျွမ်းကျင်လုပ်သား သင်တန်းကျောင်းတွင် Electrical သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် အခြားသင်တန်းများ၏ စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။ ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး (ထန်းတပင်) သို့ သွားရောက်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိကုသရန် တိုးချဲ့ပြင်ဆင်ထားရှိမှုများ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများ ထားရှိမည့် ကုသဆောင်များ၊ ကိုဗစ်-၁၉ ပြင်းထန် အဆုတ်ရောင်လူနာများ ဆေးကုသရာတွင် လိုအပ်သော အောက်ဆီဂျင်ကို လုံလောက်စွာရရှိနိုင်ရန် Oxygen Generating Plant (20 Nm3/h) (Containerized) ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေး နေမှုများကို လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

mdn