နေပြည်တော်၊ ၁၁ ဖေဖော်ဝါရီ
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပသည်။
အလုပ်သမားရေးရာဆိုင်ရာဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော် ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဆောင်ရွက်မှု အခက်အခဲများ၊ နေထိုင်သွားလာရေးဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ အသီးသီးတင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများသည် အလုပ်သမားများနှင့် ပတ်သက်သည့် အရေးကိစ္စများကို အဓိက ဆောင်ရွက်ရသူများဖြစ်ပြီး ပြည်တွင်းရှိ အလုပ်သမားကိစ္စများအပြင် ပြည်ပရောက်မြန်မာ အလုပ်သမားများ၏ ကိစ္စအဝဝကိုလည်း တာဝန်ယူ ကိုင်တွယ်ဖြေရှင်းပေးကြရပါကြောင်း၊ ပြည်ပရောက် မြန်မာအလုပ်သမား ဆိုရာတွင်လည်း တရားဝင် အလုပ်လုပ်ကိုင်သူများသာမက အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက်လည်း သက်ဆိုင်ရာနိုင်ငံမှ အလုပ်သမား သံအရာရှိများက ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်ဆောင်ရွက်မှု၊ လုပ်ခလစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ အဆင်ပြေစေရေး၊ နစ်နာမှုမရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့စဉ်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများသည် နေ့စဉ်ကုသိုလ်ရ နေကြသည့် သူများဖြစ်ပါကြောင်း။
ယခု ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း အခက်အခဲ အကြပ်အတည်းများဖြစ်ပေါ်နေသည့် ပြည်တွင်းပြည်ပ မြန်မာအလုပ်သမားများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ နေထိုင်သွားလာ လုပ်ကိုင်ခြင်းများအတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြ စေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနအလိုက်ဝန်ထမ်းများက လုပ်ငန်းအလိုက် လိုအပ်ချက်များကို အသီးသီး ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းပီပီ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်နှင့် အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာဖော်ဆောင်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော် ထုတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် ဆက်စပ်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသူများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ နယ်စပ်ဂိတ်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များ၌ တရားမဝင် ဝင်/ထွက်သွားလာမှုများ မရှိစေရေးအတွက် လူဝင်မှု စစ်ဆေးရေးလုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသား အရည်အချင်း ဖြစ်တည်မှုပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက် လူဦးရေစာရင်းဇယားများ တိကျ မှန်ကန်စေရေးအတွက်လည်းကောင်း ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ဆောင်ရွက်နေကြသူများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းပီပီ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုး စီးပွားကို အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်ချက်တိုင်းကို စေတနာသန့်သန့်ဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရန်နှင့် ယခုဆန္ဒဖော်ထုတ်ပွဲတွင် ဝန်ထမ်းများ၏ နေထိုင်သွားလာ လုပ်ကိုင်ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြား သည်။
ထို့နောက် လုပ်ငန်းလိုအပ်ချက်များကို ဌာနအလိုက် တာဝန်ရှိသူများက တင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုအခါအရေးပေါ်ကာလ သတ်မှတ်ထားသည့်အတွက် နေထိုင်သွားလာမှုများအား စနစ်တကျ ဂရုပြုဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းတိုင်းသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရေး၊ မိမိဌာနရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
သတင်းစဉ်


