ဘားအံ နိုဝင်ဘာ ၅
နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မိမိဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာ (၃) ရက်တွင် အဆင့်(၁)ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဖာပွန်မြို့နယ်၌သာ အခြေအနေအရ ဆောင်ရွက်ပေးရန် လျာထားချက် အနည်းငယ်သာ ကျန်ရှိနေပြီး ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဆောင်ရွက်ရာ၌ မိမိတို့ မြို့နယ်ရုံးများရှိ အိမ်ထောင်စု လူဦးရေစာရင်းများ၏ အခြေခံစာရင်းသည် ရွေးကောက်ပွဲ ကော်မရှင်၏ မြေပြင်စစ်ဆေးချက် စာရင်းများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ယင်းစာရင်းများ တိကျမှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၏ လက်ရှိစာရင်းများ၊ မိမိဌာန အခြေခံစာရင်းများ၊ ရွေးကောက်ပွဲကော်မရှင် စာရင်း စသည်စာရင်းတို့ကို သုံးပွင့်ဆိုင် တိုက်ဆိုင်စစ်ဆေးကာ မွေးတိုး/ သေလျော့/ ပြောင်းဝင် ပြောင်းထွက်စာရင်းများ ပြင်ဆင်/ ဖြည့်စွက်/ အတည်ပြု ဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ မဲစာရင်းများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု မှတ်တမ်းများမှ အမည်နှင့် နေရပ်လိပ်စာ၊ နိုင်ငံသားအမှတ်တို့နှင့် တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ မြို့နယ်ရုံး ဝန်ထမ်းများအနေဖြင့် လာမည့်နိုဝင်ဘာ (၁၅) ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်း တစ်ခုထက် ပိုမိုကိုင်ဆောင်မှုများ၊ နိုင်-၄ ၌ နိုင်ငံသားကတ်အမှတ် ဖြည့်ရန်ကျန်နေသည့် ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။
ဝန်ထမ်းများအနေဖြင့် ကောလာဟလသတင်းများ နားမယောင်ဘဲ အဖျက်အမှောင့်လုပ်ရပ်များ မဖြစ်ပွားစေရေး၊ ရုံးဝင်/ ထွက်မှု စနစ်တကျ ဖြစ်စေရေးတို့အတွက် အလေးဂရုပြု ဆောင်ရွက်ကြရန် လိုကြောင်း၊ လုံခြုံရေးသတိ အမြဲရှိကြရန်နှင့် ဌာန၏ လုပ်ငန်းအားလုံးသည် နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးရသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းမအတွင်း ဝန်ထမ်းများမှ ကွန်ပျူတာများဖြင့် နိုင်-၄ နှင့် အထစပါ အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် မဲစာရင်း မှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှု့ အားပေးကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် အခြေခံစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ပြည်နယ်ဦးစီးမှူးရုံးနှင့် ကရင်ပြည်နယ် လွတ်တော်ရုံးတို့၌ နှစ်နေရာခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်