နေပြည်တော် ၊ မေ ၅

 

ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင်  မင့်စ်ခ်မြို့၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်လေ့လာခဲ့ရာ ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့်  ဘယ်လာရုစ် ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ် ဖွဲ့စည်းထားရှိမှု ၊ စနစ်အတွက်လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊ Biometric စနစ်ဖြင့် အမျိုးသားစိစစ်ရေးမှတ်ပုံတင် စာရွက်စာတမ်းများ သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ e-ID ကတ်နှင့် Biometric အချက်အလက်များ အသုံးပြု၍ Passport ပြုလုပ်နေပုံ အဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြသကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၌ e-ID ကတ်နှင့် Passport အတွင်းထည့်သွင်းထားသည့် ကိုယ်ရေးအချက်လက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးသည့် Forensic  Science Systems သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြသကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ Cryptotech  ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှတ်ပုံတင်ရေးစင်တာသို့ သွားရောက်ကြရာ တာဝန်ရှိသူများက e-ID ကတ်နှင့် Passport အတွင်းသို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများ အသုံးပြု၍ Biometric ကိုယ်ရေးအချက်အလက်များ ထည့်သွင်းထုတ်လုပ်နေမှုတို့ကို  လိုက်လံရှင်းလင်းပြသကြပြီး  ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)