နေပြည်တော် မေ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ(Unique ID) နံပါတ် ထုတ်ပေး နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ် စိစစ်ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ လူဦးရေစာရင်းမှန်ကန်ရေးအတွက် ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များ တိုက်ဆိုင်စိစစ်အတည်ပြု ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းမအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများနှင့် ကိုယ်ရေးဖိုင်များ စနစ်တကျ လုံခြုံစွာ ထိန်းသိမ်း ထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေး၊ ကိုယ်ရေးဖိုင်များ အသုံးပြုရာတွင် စနစ်တကျ မှတ်တမ်းရေးသွင်း ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက် ကြရေး မှာကြားကာ ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် e-ID စနစ်လုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ရပြီး ယခုအခါ လုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နေပြီဖြစ်ရာ မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြု လူဦးရေစာရင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ e-ID စနစ်နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေးအတွက်လည်း ဝန်ထမ်းအားလုံး အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိကျ မှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်အားလုံး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာ အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်၍ ခန်းမအတွင်း ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များ နှင့် အတည်ပြုလူဦးရေစာရင်းအချက်အလက်များ တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်