နေပြည်တော် မေ ၁၈ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့ နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့မှု၊ လက်ရှိကာလတွင် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးဆောင်ရွက်မှု၊ လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် MoU သက်တမ်းတိုးမြှင့်နိုင်ရန် လိုအပ်သည့်လုပ်ငန်းအခြေအနေ၊ ပကတိ မြေပြင်အခြေအနေ ဖြစ်ရပ်အမှန်ကို မသိရှိဘဲ ပြည်ပအဖွဲ့အစည်းတချို့နှင့် ပြည်ပမီဒီယာတချို့၏ ထုတ်ပြန်ချက်များ၊ ထုတ်လွှင့်မှုများကြောင့် လုပ်ငန်းများအဟန့်အတားဖြစ်၍ နှောင့်နှေးကြန့်ကြာနေမှု၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အောင်မြင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေမှု၊ UNHCR အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းအပြင် လက်ရှိဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားရသည့် ဒေသများသို့လည်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာ ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်