နေပြည်တော် ဩဂုတ် ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ(၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြား သားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင် ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာအသုံးပြုမည့်ပစ္စည်းများ ပြည်ပမှ တင်သွင်းရာတွင် ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


