နေပြည်တော် ဒီဇင်ဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် MoU သက်တမ်း ထပ်မံတိုးမြှင့်နိုင်ရေးအတွက် သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးဆောင်ရွက်မည့်အစီအစဉ်၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် နိုင်ငံတွင်းနေထိုင်ကြောင်း အထောက်အထား စိစစ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် UNHCR မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်