နေပြည်တော်၊ အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့နံနက် ၉ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် MoU သက်တမ်းထပ်မံတိုးမြှင့်ကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များနှင့် ပြည်ပမှ တင်သွင်းသည့် ပစ္စည်းများကို အကောက်အခွန်လွတ်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေ၊ ဘူးသီးတောင်၊ မောင်တောဒေသမှ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုနှင့် လိုအပ်ချက်ရှိပါက ကြိုတင်တင်ပြဆောင်ရွက်နိုင်ရေး အခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိနိုင်ရေး အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်


