ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး၍ Biometric ကောက်ယူမှု ကြည့်ရှုအားပေး
နေပြည်တော်၊ ဩဂုတ် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ရှိ Shan International Co,Ltd ငါးအအေးခန်းစက်ရုံ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ဦးစီမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ဆောင်ရွက်ကြသည့် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား နိုင်ငံသားကတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်း၍ သန်းခေါင်စာရင်း အင်္ကျီနှင့်ဦးထုပ်များ ဝေငှပေးပြီး လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများက လုပ်ငန်းစဉ်အဆင့်အလိုက် ဥပဒေနှင့်အညီ နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုကြသည်။ 
ထို့နောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသူများနှင့် အသစ်ထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ 
ယင်းသို့ ဆောင်ရွက်ပေးရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း ရွှေလင်ဗန်း စက်မှုဇုန် အပါအဝင် စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၃၇) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅)ကတ်တို့ကို ဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများကို Biographic/ Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်