နေပြည်တော်၊  ၁၁  ဇွန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

m

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာ အောင်ကြီး၊ ဦးဇော်ဝင်းနှင့် ဒေါက်တာအေးထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းနှင့် အဖွဲ့ဝင် (၃) ဦးတို့က Virtual စနစ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တက်ရောက်ကြသည်။

ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့် ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက် တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါကြောင်း၊ ယင်းသို့ချုပ်ဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူ များ၏ ကိုယ်ရေးအချက်အလက်များကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ (၂၁) ရက်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက်အထိ အလီလီပေးပို့ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိစိစစ်ပြီးဖြစ်သည့် အိမ်ထောင်စု (၁၀၃၉၀) ၊ လူဦးရေ (၄၅၉၇၈)ဦး တို့အနက် မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့ကြောင်း အထောက်အထား တွေ့ရှိသူ (၃၀၂၇၈) ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ချက်အရ အကြမ်းဖက်စာရင်းတွင် ပါဝင်နေသူ (၃၈၄) ဦးနှင့် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ (၁၅၃၁၆) ဦး ဖြစ်သည် ကို စိစစ်တွေ့ရှိရပါကြောင်း။

ယင်းစိစစ်တွေ့ရှိချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပေးပို့၍ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သည့် အထောက်အထား တွေ့ရှိသူများအား ပြန်လည်စေလွှတ်ပေးရန် အကြိမ်ကြိမ်အကြောင်းကြား ညှိနှိုင်းခဲ့ သော်လည်း ပြန်လည်ပို့ဆောင်ရေးအတွက် ဆောင်ရွက်မှုမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့် ခွာသူများသည် အခက်အခဲအမျိုးမျိုး ကြောင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ CHRD (ယခင် UEHRD) သို့ ဆက်သွယ်၍ မိမိအစီအစဉ်ဖြင့် မိသားစုအလိုက် ၂၀၁၈ ခုနှစ်၊ ဧပြီ (၁၄) ရက်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီ (၂၉) ရက်အထိ စုစုပေါင်းအင်အား (၇၉၀)ကို စိစစ်လက်ခံခဲ့ပြီး ၎င်းတို့အား တာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း။

ယခုအစည်းအဝေးတွင် ၂၀၁၇ ခုနှစ်၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်မှ တစ်ဖက်ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ နေရပ် စွန့်ခွာသွားခဲ့သူ (၇၂) ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သော်လည်း ယခုအခါ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး စသည့် အစစအရာရာ ဒုက္ခမျိုးစုံခံရသည့်အပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက် မှုကိုခံရသဖြင့် ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလာပါကြောင်း။

အဆိုပါတင်ပြလျှောက်ထားသူ (၇၂) ဦးအား မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သူဖြစ်ကြောင်းနှင့် အကြမ်းဖက် မှုဖြစ်စဉ်များ အပါအဝင် အခြားပြစ်မှုများနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေးကော်မတီ(CHRD) အစီအစဉ်ဖြင့် လက်ခံခွင့်ပြုပါရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တင်ပြလာခြင်းကြောင့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ယခု အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုး က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တင်ပြလာသည့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူ (၇၂) ဦး ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းနှင့်ပတ်သက်သည့်ဆွေး နွေးဆုံးဖြတ်ချက် များကို ရှင်းလင်းတင်ပြ၍ အတည်ပြုချက်ရယူပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)