နေပြည်တော်  ဩဂုတ် ၆ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်လာမည့် အောက်တိုဘာလအတွင်း ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့တွင် ရက်တိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ အရေးကြီးမှုနှင့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအပေါ် လိုအပ်သည်များရှိပါက ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အခြေအနေ၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား ရှာဖွေကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်သွား လာနိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် Online ဂိမ်းများဖြင့် လိမ်လည်မှုများဆောင်ရွက်နေသူများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။    

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)