နေပြည်တော်၊ ဩဂုတ် ၁၆

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက် သွားမည်ဖြစ်ရာ အချိန်ကာလအားဖြင့် (၁)လကျော်သာလိုပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ကောက်ကွက်ပေါင်း (၃၆၀၀)ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၁၂၀၀) ခန့်ဖြင့် ကောက်ယူရန် လျာထားပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နယ်မြေဒေသတစ်ချို့၌ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် ရက်ထပ်မံတိုးမြှင့် ကောက်ယူရန် လိုအပ်ပါက ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပါကြောင်း။

 

သန်းခေါင်စာရင်းမှရရှိသော အခြေခံကိန်းဂဏန်းများအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက် ရမည့် လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး နှိုင်းယှဉ်သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံ ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာ ကောက်ယူရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းအချက်အလက်များ အပေါ်အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် ထိရောက်စွာအသုံးပြု ဆောင်ရွက် နိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကိုပြသသည်။

 

ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မွန်ပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းက လက်ခံရယူပြီးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည်  ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသ ထားမှုကို ကြည့်ရှုအားပေးကြသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မော်လမြိုင် မြို့၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်၍ မြတ်ပန်းမာလာခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ်ပြား ထုတ်ပေးသူများနှင့် နိုင်ငံသား ကတ်ပြားရရှိပြီးသူများကို    e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယင်းနောက် ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ် အနက်အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန် သည့်မဲ စာရင်းပြုစုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးဆောင်ရွက်နေမှုနှင့် ထို့ပြင် နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ် အားလုံး သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)