နေပြည်တော်၊ အောက်တိုဘာ ၅
ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်နှင့် သစ်ဝင်တိုင်း ကျေးရွာ၊ ပုဗ္ပသီရိမြို့နယ် ဇဝနဒီပရပ်ကွက်နှင့် မင်္ဂလာဒီပရပ်ကွက်တို့သို့ သွားရောက်ပြီး ရပ်ကွက်/ ကျေးရွာ ကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည်ကာ Mobile Tablet များဖြင့် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်းများ မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများ စိတ်ဝင်တစား ပြန်လည် ဖြေကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များ မှာကြား ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောက်ကွက်ပေါင်း (၂၆၅၆) ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၁၃၁၇) ဦးက တက်ညီလက်ညီဖြင့် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်းများကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


