နေပြည်တော် ဩဂုတ် ၂၆

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ တိုင်းအဆင့် နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။ 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် ခရိုင်အဆင့် ဆင့်ပွားနည်းပြသင်တန်းများနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဆက်လက်ပို့ချဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သင်တန်းမှပို့ချချက်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ မြေပြင်တွင်ကြုံတွေ့ရမည့် အခက်အခဲများအပေါ် ကျော်လွှားဖြေရှင်းနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နည်းပညာအသုံးပြု မေးမြန်းကောက်ယူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို တတ်ကျွမ်းနားလည် သိရှိထားကြရန်လိုကြောင်း၊ သတ်မှတ်ကောက်ကွက်များအလိုက် မထပ်မကျန် အပြည့်အဝ ကောက်ယူနိုင်ရေးအတွက်လည်း ဒေသအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ရုံးချုပ်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ 

ထို့နောက် နည်းပြများနှင့် တာဝန်ရှိသူများက သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သန်းခေါင်စာရင်းဆိုင်ရာ သင်တန်းပို့ချနေမှုကိုကြည့်ရှုကာ သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်(ရုံးချုပ်)၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး အဆိုပါနည်းပြသင်တန်းဆင်း အရာရှိများက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဩဂုတ် ၁၉ ရက်မှ ၃၀ အထိ ဖွင့်လှစ်သည့် တိုင်းအဆင့်နည်းပြသင်တန်းများတွင် ဆင့်ပွားရှင်းလင်းပို့ချလျက်ရှိကြောင်းနှင့် ခရိုင်အဆင့် နည်းပြသင်တန်းများနှင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို သတ်မှတ်ရက်များအတိုင်း ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်