နေပြည်တော်  အောက်တိုဘာ ၃၁

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပတတ

ဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(Permanent Residence System-PR System) ကျင့်သုံးနိုင်ရေး အတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်မှု၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်(PR)ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ မိသားစု အပါအဝင် လျှောက်ထားသူစုစုပေါင်း (၈၁၀)ရှိပြီး မိသားစုအပါအဝင် (၆၉၉) ဦးအား စိစစ်အတည်ပြု ခွင့်ပြုပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိနေသူများနှင့် ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူများအနက် ယခုလူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူ မိသားစုမပါ စုစုပေါင်း (၃၃)ဦးအား PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်မေးမြန်း အကဲဖြတ်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့ မေးမြန်းအကဲဖြတ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းသည်။

 

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာ ဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ် အတည်ပြုဆုံးဖြတ် ကြသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System)ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီး မြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေး လျက်ရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ (၃၃) ဦးနှင့် ပြီးခဲ့သည့်အစည်းအဝေးမှ မိသားစုမပါ (၃၇) ဦး၊ စုစုပေါင်း (၇၀)အနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ (၃၃) ဦးအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေး နိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)