နေပြည်တော် မတ် ၁၀ 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများကို လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ဦးစွာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ကျင့်သုံးနိုင်ရေး အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်မှု၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR)ကို နည်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစား (၄)မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးမှု၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့သည့်အတွက် PR လျှောက်ထားရာတွင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ပါ လျှောက်ထားနိုင်မှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ PR လျှောက်ထားသူများကို စိစစ်ခွင့်ပြုပေးမှု၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိနေသူများ အပါအဝင် ယခုလူတွေ့ မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူများကို PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်မေးမြန်း အကဲဖြတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများကို လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များက ဗဟို ကော်မတီမှ စိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်း ထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေ များနှင့် အညီ နေထိုင်နိုင်ရေးကို မေးမြန်းဆွေးနွေးကာ အကဲဖြတ် အတည်ပြုဆုံးဖြတ်ကြသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ် အဆင့်ဆင့် အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (PR System)ဖြင့် ကျွမ်းကျင် ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်မှ ယခုအထိ မိသားစုအပါအဝင် လျှောက်ထားသူ စုစုပေါင်း(၇၄၆)ဦးရှိပြီး မိသားစုအပါအဝင် (၆၇၀)ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇)ဦး၊ လျှောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသူ(၁)ဦး၊ သေဆုံးသူ(၁)ဦးရှိသည်။

ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန် ကျန်ရှိသူ(၃၇)ဦးနှင့် မိသားစုဝင် (၁၀)ဦး၊ ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူ (၁၇)ဦးနှင့် မိသားစုဝင်(၁)ဦးရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ (၃၇)ဦးနှင့် နောက်ဆုံး စိစစ်ပြီးသူ (၁၇)ဦး စုစုပေါင်း (၅၄)ဦးအနက် လူတွေ့စစ်ဆေးခြင်း ခံယူရန် အကြောင်းပြန်ကြားသူ (၂၁)ဦးကို လူတွေ့မေးမြန်း အကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့် သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်