နေပြည်တော် ဒီဇင်ဘာ ၂၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပသို့သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်းကို Online ဖြင့် ဖွင့်လှစ်ပို့ချနေမှု၊ ၂၀၂၁-၂၀၂၂ (အောက်တိုဘာလမှ မတ်လထိ) ဘဏ္ဍာရေးနှစ်တွင်ဖွင့်လှစ်မည့် သင်တန်းများအတွက် သင်တန်းနေရာနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားမှုနှင့် သင်တန်းကျောင်းဝန်းကျင်ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းအနေဖြင့် သင်တန်းသားများကို ကျွမ်းကျင်မှုစွမ်းရည်ပြည့်ဝစေရေး လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်းနှင့် သင်တန်းဆင်းများအနေဖြင့် ကျွမ်းကျင်မှု အရည်အချင်း ပြည့်မီရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း စုဝေးခန်းမ၌ မန္တလေးတိုင်း ဒေသကြီးရှိ မြို့ပေါ်ရုံး၊ ဆေးရုံ၊ ဆေးခန်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောက်ဆည်၊ အမရပူရနှင့် ပြင်ဦးလွင်မြို့ရှိရုံး၊ ဆေးခန်းများမှ တာဝန်ခံအရာထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ တာဝန်ခံ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ရုံးများ စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်တတ်သည့် အလေ့အကျင့်များရရှိအောင် ပြုစု ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခုံသမာဓိအဖွဲ့၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) (၃၅၄၇) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (၃၂၅)ဖွဲ့၊ ခုံသမာဓိအဖွဲ့ (၁၅)ဖွဲ့နှင့် ခုံသမာဓိကောင်စီ(၁)ဖွဲ့ ဖွဲ့စည်းကာ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ လက်ရှိ ကာလ၌ အငြင်းပွားမှုများဖြစ်ပေါ်လာပါက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ကနဦး ဖြေရှင်းလျက်ရှိကြောင်း၊ အဆိုပါ WCC တွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့်လည်းကောင်း၊ ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးရမည့် အလုပ်သမားရေးရာ ကိစ္စရပ်များဖြစ်ပါက မြို့နယ် ပေါင်းစပ်အဖွဲ့များဖြင့် ဖြေရှင်းပေး လျက်ရှိကြောင်း၊ အငြင်းပွားမှုများကို ဆုံးဖြတ်ရာတွင် နှစ်ဦးနှစ်ဖက်ညီညွတ်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးသည် အရေးကြီးကြောင်း။
မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များနှင့် ခုံသမာဓိအဖွဲ့များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာစေရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရေး ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခုံသမာဓိအဖွဲ့များအနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း အငြင်းပွားမှု များကို ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောက်ခြေအဆင့်တွင် အမှုများပြီးပြတ်မှုရှိစေရေးအတွက် မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် ညှိနှိုင်းဖျန်ဖြေသူ၏ အရည်အချင်းဖြင့် အတတ်နိုင်ဆုံး ပြေငြိမ်းမှုရရှိစေရေး ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ WCC တိုးမြှင့်ဖွဲ့စည်းရေးနှင့် WCC တွင် အလုပ်ရှင်၊ အလုပ်သမား ဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ခုံသမာဓိအဖွဲ့များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ဝင်များက လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


