နေပြည်တော်၊ မတ် ၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီး အပေါ်ထပ်ခန်းမ၌ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီ ရွှေ့ပြောင်း နေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် (၅) ဦးကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်း အတည်ပြု ဆောင်ရွက်နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု အားပေးပြီး အချက်အလက်များ မှန်ကန်စေရေးအတွက် ကာယကံရှင် ပြည်သူများကို သေချာစွာမေးမြန်း ဖြည့်သွင်းရေး၊ နိုင်ငံသားကတ် ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏ အချက်အလက်များကို e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်သည့် သိကောင်း စရာများကို ရှင်းလင်းပြောကြားသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေအတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်သူ ပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း (၈၁) စောင်နှင့် နိုင်ငံသားကတ်ပြား မရှိသေးသူ (၁၃၀) ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြား ရရှိပြီးသူများကို တစ်ပါတည်းတစ်နေရာတည်းတွင် e-ID စနစ်အတွက် Biometric ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ် အတွက် Biographic/Biometric ကောက်ယူခြင်း လုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက်ပေး နေမှုနှင့် နိုင်ငံသားကတ်ပြား ရှိပြီးသူများကိုလည်း Biometric ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက် ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ e-ID စနစ်အတွက် Biometric ကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီး၊ အင်တာနက်ရရှိမှုနှင့် လုံခြုံရေး အခြေအနေအရ ဆောင်ရွက်မည့်နေရာကို သတ်မှတ်စုစည်း၍ တာဝန်ရှိသူ အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦနှင့် ရုံးတွင်း/ ရုံးပြင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စာရွက်စာတမ်း များလုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn