နေပြည်တော်၊ နိုဝင်ဘာ ၂၉
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘော အားကစားသမားများကိုယနေ့ ညနေ (၄) နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဦးစွာ အားကစားအသင်းတာဝန်ခံ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းကဝန်ကြီးဌာန အမျိုးသားဘော်လီဘောအသင်းဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အမျိုးသားအားကစား ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှု၊ အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်အဆင့်ကျင်းပသည့် အမျိုးသားအားကစား ပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းတကျ ပြိုင်ပွဲဝင်ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားအဖြစ် ရွေးချယ်ခံရရေးအတွက် တစ်ဦးချင်းမှအစ၊ အသင်းလိုက်စုဖွဲ့ကြိုးပမ်းကြရန်လိုကြောင်း၊ “ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် အတိုင်း ပြိုင်ပွဲမဝင်မီ လေ့ကျင့်သား ပြည့်ဝစေရေးအတွက် စနစ်တကျလေ့ကျင့်ကြရန်နှင့်နေထိုင်၊ စားသောက်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်း အလေးဂရုပြုကြရန်လိုကြောင်း၊ အားကစား သမားတိုင်း အောင်စိတ်မွေး၍ ဌာနဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး လေ့ကျင့်ကြိုးစား ယှဉ်ပြိုင်ကြရန် လိုကြောင်း အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အမျိုးသားဘော်လီ ဘောပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


