နေပြည်တော် နိုဝင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ တောရကျောင်း ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)အား ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံး အဆောက်အဦအခြေအနေ၊ သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်ထားရှိမှု၊ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများအား e-ID စနစ်အတွက် Unique ID နံပါတ်ထုတ်ပေးနေမှု၊ ကိုယ်ရေးဖိုင်များစနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ စစ်ဆေးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ နယ်စပ်စစ်ဆေးရေးဂိတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဆက်စပ်ဌာနများ၏ ရုံးခန်းများနှင့် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်စစ်ဆေးရေးဂိတ် အစည်းအဝေးခန်းမ၌ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ရှိသူများအားတွေ့ဆုံ၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ကျိုင်းလပ်စစ်ဆေးရေးဂိတ်သည် မကြာမီနယ်စပ်ကုန်သွယ်ရေး အပါအဝင် နှစ်နိုင်ငံနိုင်ငံသားများ ကူးသန်းသွားလာမှု များပြားလာမည်ဖြစ်သည့်အတွက် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ရေး ပြောကြားပြီး ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်