နေပြည်တော် မတ် ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ ပြည်ပထွက်ခွာမည့်ခရီးသည်များကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများစိစစ်ဆောင်ရွက်ပေးသည့် လေဆိပ် Terminal 1 မြေညီထပ် CIP Lounge ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာများအား လေဆိပ်ပထမထပ် (Level-2) သို့ ပြောင်းရွှေ့နေရာချထားနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လေဆိပ်တာဝန်ခံက လိုက်လံရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ခရီးသည်များကို လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည်ထက် ကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက လျင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်းအခြေအနေနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ Control Room အဖြစ် ပြုလုပ်ဆောင်ရွက်မည့်နေရာ အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ iBMC စနစ်၏ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ ချိပ်ဆက်အသုံးပြုသည့် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ခရီးသွားပြည်သူများအပေါ် ထိရောက်လျှင်မြန်စွာဖြင့် ကြည်သာရွှင်ပြစွာ ဝန်ဆောင်မှုပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအားမှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်