နေပြည်တော် ဒီဇင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့သို့ ရေကြောင်းမှ ဝင်ရောက်လာသည့် ပင်လယ်ကူးသင်္ဘောများ ကျောက်ချရပ်နားသည့်နေရာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဝန်ကြီး ဌာန၏ ဇင်ယော်(၁) ၊ (၂) ၊ (၃) ရေယာဉ် (၃)စီးကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေယာဉ်ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေယာဉ်များကြံ့ခိုင်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်၊ ရေယာဉ်များလုံခြုံမှုရှိ စေရေးအတွက် နေ့ညမပြတ် အလှည့်ကျ တာဝန်ချထားရန်မှာကြားပြီး ဇင်ယော်ရေယာဉ်စက်ခန်း အခြေ အနေနှင့် ရေယာဉ်တက်မခန်း အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ရေယာဉ်ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အေးရှားဝေါလ်ဆိပ်ကမ်းသို့ ရောက်ရှိရာ ဆိပ်ကမ်းရှင်းလင်းဆောင်၌ ဆိပ်ကမ်းများကြီးကြပ်ရေးဌာနခွဲ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဘုန်းက ဆိပ်ကမ်းများကြီးကြပ်ရေး ဌာနခွဲ၊ ဒုတိယဌာနခွဲမှူးရုံးရှိ ဝန်ထမ်းအင်အား၊ သီလဝါ၊ ရန်ကုန်နှင့် သန်လျင် ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောများ ဝင်ထွက်သွားလာမှုနှင့် အဆိုပါသင်္ဘောများ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်း စဉ်အဆင့်အလိုက် စစ်ဆေးဆောင်ရွက်မှု၊ ကမ်းလွန် ပင်လယ်ပြင်ရှိ ရေနံတူးစင်များသို့ ဝင်ထွက် သည့် သင်္ဘောများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်မှု၊ ဇင်ယော်ရေယာဉ်များ ကြံ့ခိုင် ကောင်းမွန်ရေးအတွက် ပြုပြင်ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှ လေဆိပ်ဝန်ထမ်းများသည် လေကြောင်း လိုင်းမှ ဝင်ထွက်သွားလာမှုများကို တာဝန်ယူဆောင်ရွက်ရသကဲ့သို့ ရေဆိပ်ဝန်ထမ်းများသည် လည်း ရေကြောင်းမှ တရားဝင် ဝင်ထွက်သွားလာမှုအဆင်ပြေစေရေးနှင့် တရားမဝင်ဝင်ထွက်မှု မရှိစေရေး တာဝန်ယူဆောင်ရွက်ရသည့် နိုင်ငံ၏တံခါးမှူးများဖြစ်ပါကြောင်း၊ ပင်လယ်ဝမှ ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာသင်္ဘောများပေါ်သို့ တက်ရောက်စစ်ဆေး ဆောင်ရွက်သည့် ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝတ်စားဆင်ယင်မှု စနစ်တကျ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်း လုံး ညီညွတ်စွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ ဆက်စပ် ဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဝန်ထမ်းများနှင့် ရေယာဉ်များ လုံခြုံရေးအတွက် အမြဲဂရုပြု ဆောင်ရွက် ရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်