နေပြည်တော် ဇန်နဝါရီ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန (ရန်ကုန်) ၌ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများကို လုပ်ငန်းဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်၊ လေလွင့်ပျက်စီးမှု မရှိစေရေးနှင့် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များဖြစ်၍ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ကြရန်မှာကြားသည်။ 
ထို့နောက် ခန်းမဆောင်အတွင်း၌ ခေတ်အဆက်ဆက် ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များကို နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ မှတ်တမ်းခန်းများအတွင်း မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မှတ်တမ်းခန်းများ ပြန်လည်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဝန်ကြီးဌာနပိုင် သာကေတဂိုဒေါင်ဝန်းအတွင်းရှိ ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများထိန်းသိမ်းထားရှိမှု၊ စာရင်းဇယား မှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင်ပစ္စည်း အဟောင်းများ ထိန်းသိမ်းထားရှိမှုကို လည်းကောင်း၊ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံး ရုံးအဆောက်အဦနှင့် ရုံးခန်းများ၊ သာကေတမြို့နယ်ဦးစီးမှူးရုံး ရုံးခန်းများနှင့် မှတ်တမ်းခန်း အခြေအနေ၊ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် Biometric ကောက်ယူ၍ Unique ID နံပါတ်ထုတ် ပေးနိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဓမ္မာရုံ၌ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအချို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
ထို့နောက် ဓမ္မာရုံ၌ ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှု၊ ဝန်ထမ်းများ နေထိုင်သည့်အိပ်ဆောင်များနှင့် ရေ၊ မီးရရှိမှု၊ စားဖိုဆောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်