နေပြည်တော်၊ ဩဂုတ် ၁၈

ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်း၌လည်းကောင်း၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဗိုလ်အဝိုင်း၌လည်းကောင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့၌လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာကွင်းရှေ့၌လည်းကောင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြည်သူလူထုအသိပညာပေး Bill Board များ စိုက်ထူထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လူစည်ကားရာ လမ်းဆုံးလမ်းခွများတွင် အသိပညာပေး Bill Board များ ထပ်မံစိုက်ထူထားရှိရေးနှင့် Bill Board များ ခိုင်ခံ့မှုရှိစေရေး စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန် မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လိုအပ်သည့် အိမ်ထောင်စုမေးခွန်းပုံစံများ၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် သင်တန်းလက်စွဲစာစောင်များ ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် စက်ရုံတာဝန်ခံက လုပ်ငန်းအပ်နှံထားရှိမှု၊ စာစောင်အမျိုးအစားအလိုက် ရိုက်နှိပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ 

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မကြာမီကာလအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်သည့်အတွက် သတ်မှတ်ပုံစံများနှင့် လက်စွဲစာစောင်များ သတ်မှတ် အရေအတွက်နှင့် စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်