နေပြည်တော် စက်တင်ဘာ ၁၁
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့်နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းအောင်မြင် စွာကောက်ယူနိုင် ရန် နည်းပြသင်တန်းသားများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများတွင် ဆက်လက်ပို့ချနိုင်ရေး ဆောင်ရွက်ကြရန်၊ သန်းခေါင်စာရင်း အချက်အလက်များ၏ အသုံးဝင်မှုနှင့် မေးမြန်းရမည့် မေးခွန်းများ၏အရေးပါမှုကို သိရှိနားလည်ပြီး သင်တန်းမှပို့ချချက်များကို မိမိ တို့၏အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ မြေပြင်တွင် ကြုံတွေ့ရမည့်အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ နည်းပညာအသုံးပြု မေးမြန်းကောက်ယူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်း ဥပဒေကို သိရှိနားလည်ပြီး စာရင်းစစ်၊ စာရင်းကောက်များနှင့် ပြည်သူများအတွက် အကာအကွယ်ပေးထားသည့် ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းချပြကြရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်သည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင် နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများသိရှိနားလည်ပြီး လိုက်ပါပူးပေါင်း ဆောင်ရွက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာများကို ပို့ချဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ မရမ်းကုန်းမြို့နယ် အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးကာ သင်တန်းသားများနှင့် တွေ့ဆုံ ၍ ကောက်ယူရရှိသည့် အချက်အလက်များ၏အရေးပါမှုကို သိရှိနားလည်ပြီး စနစ်တကျမေးမြန်း ကောက်ယူနိုင်ရေး၊ အမျိုးသားရေး လုပ်ငန်းတစ်ရပ်အဖြစ်ခံယူကာ လုပ်ငန်းများအောင်မြင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းသားများထံ သန်းခေါင်စာရင်း အထောက်အကူပြုပစ္စည်းများ ပေးအပ်ကြပြီး နည်းပြများ၏ သင်ခန်းစာပို့ချနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ ယခုအခါ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် သင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခရိုင်အဆင့် မြို့ကြီးများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်လျက်ရှိပြီး သင်တန်းပြီးဆုံးပါက မြို့နယ်အလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


