နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့ကို ယမန်နေ့ နံနက်ပိုင်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ်၊  Shang Shui Ballroom အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဝင်/ ထွက်ဂိတ် တချို့ကို လုံခြုံရေးအရ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကြပ်ထားမှု၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားသောနိုင်ငံများ၏ နယ်စပ်ဂိတ်များ ဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း အတွက် နည်းပညာနှင့်ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများ အောင်မြင်ရေး ထောက်ခံရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အပြန်အလှန် အမြင်ခြင်း ဖလှယ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ဒုတိယဝန်ကြီး Mr. Xu Ganlu က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)