နေပြည်တော်၊ စက်တင်ဘာ ၂၃

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ယူနန်ပြည်နယ် ကူမင်းမြို့နယ် ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ အဆိုပါရဲတပ်ဖွဲ့စခန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့် ကျင်းဆာရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြား ရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့က ကျင်းဆာရဲတပ်ဖွဲ့စခန်း၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ ပြည်သူများအတွက် လိုအပ်သော ဝန်ဆောင်မှုများပေးနိုင်ရန် စုံစမ်းရေးနှင့် မှတ်ပုံတင် ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူများအနေဖြင့် အမှုအခင်း ဖြစ်ပွားခြင်းအတွက် တိုင်ကြားခြင်း လုပ်ငန်းများဆောင်ရွက်မှု၊ နယ်မြေဒေသအတွင်း အိမ်ထောင်စုစာရင်းများ ဆောင်ရွက်မှုနှင့်၊ မြို့နယ်ကျော် လိပ်စာပြောင်းရန်နှင့် အိမ်ထောင်စုစာရင်း ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ပေးနေမှု၊ ယာဉ်မောင်းလိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ Resident ID ကတ်လျှောက်ထားမှုနှင့် ID ကတ် ပျောက်ဆုံးမှုများအတွက် ကာယကံရှင်ကိုယ်တိုင် မိမိ၏ အချက်အလက်များ ဖြည့်သွင်းလျှောက်ထားနိုင်သည့် စက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကာယကံရှင်၏ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ အွန်လိုင်းစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကတ်အသစ်ထုတ်ပေးရန် ဆောင်ရွက်သည့်လုပ်ငန်းအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။

 

ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းမှတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်