နေပြည်တော် ဇူလိုင် ၂၉

အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ သွားရောက်လေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား UIDAI  နည်းပညာဗဟိုဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Ms. Tanusree Deb Barma နှင့် လုပ်ငန်းတာဝန်ခံများက နည်းပညာဗဟိုဌာန (ဘန်ဂလော)၌ UIDAI ၏ Aadhaar စနစ်ဖြင့်  နည်းပညာဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ Aadhaar စနစ်နှင့်ပတ်သက်၍ အချက်အလက်များ ထည့်သွင်းခြင်းနှင့် အထောက်အထား စိစစ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးတက် စေရေးဆောင်ရွက်နေမှု၊ Aadhaar စနစ်၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ နည်းပညာ ဗဟိုဌာနမှ စစ်ဆေးအကဲဖြတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာဗဟိုဌာန Network Operation Center (NOC) အတွင်း Aadhaar စနစ်အား ၂၄ နာရီ ကွပ်ကဲထိန်းချုပ်မှု လက်တွေ့ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေနွေးကြရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ  လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘန်ဂလောမြို့ Electronic City ရှိ International Institute of Information Technology Bangalore (IIIT-B) သို့ ရောက်ရှိရာ  Professor. Debabrata Das နှင့် တာဝန်ရှိသူများက IIIT-B တည်ထောင်ထားရှိမှုနှင့် မြန်မာနိုင်ငံတွင်လည်း သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ Modular Open Source Identity Platform (MOSIP) နည်းပညာဆိုင်ရာများကို နိုင်ငံအချို့နှင့် ချိတ်ဆက် ပံ့ပိုးကူညီ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းတွင် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာ၌ ပံ့ပိုးကူညီပေးနိုင်ရေး အခြေအနေများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ လေ ကြောင်းခရီးဖြင့် ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်