နေပြည်တော် စက်တင်ဘာ ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အေရုံ၌ကျင်းပပြုလုပ်သည်။
ဗိုလ်လုပွဲစဉ်အဖြစ် ဝန်ကြီးရုံးနှင့်e-IDကိုယ်စားပြုအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ဝန်ကြီးရုံးနှင့် e-ID ကိုယ်စားပြု အသင်းက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းကို (၃) ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက် တန်တန်ရရှိသွားသည်။
အဆိုပါအသင်းများ ယှဉ်ပြိုင်ကစားနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲဝင်ဘော်လီဘောအသင်းများမှ အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးပင့်ထောင်စု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးခုခံဆယ်မဆု၊ အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို အမြဲတမ်းတွင်းဝန်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုနှင့် ဒုတိယဆုရရှိကြသည့်အသင်းများကို ဒုတိယဝန်ကြီးများက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသည့် ဝန်ကြီးရုံးနှင့် e-ID ကိုယ်စားပြုအသင်းကို ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
ဝန်ကြီးဌာန အမျိုးသားဘောလီဘောပြိုင်ပွဲကို ဝန်ကြီးဌာနအတွက် အင်အားတောင့်တင်းပြီး ခိုင်မာအားကောင်းသည့် ပြိုင်ပွဲဝင်ဘောလီဘောအသင်းတစ်သင်း ဖြစ်ပေါ်လာပြီး အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းဖြင့် စက်တင်ဘာ ၉ ရက်မှ ၁၄ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်