နေပြည်တော် ဒီဇင်ဘာ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် Mr. Shi Zhongiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အာဆီယံ - တရုတ် စားရေရိက္ခာနှင့် လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ အသေးစား ထုတ်လုပ်သည့်စက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာဖလှယ်ရေး၊ ဒစ်ဂျစ်တယ် စိုက်ပျိုးရေးနည်းပညာ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နည်းပညာနှင့် ရန်ပုံငွေ အထောက်အပံ့ပေးနိုင်ရေး၊ စပ်မျိုးသီးနှံ သုတေသနဗဟိုဌာန တည်ထောင်ရေး၊ စိုက်ပျိုးရေး ထွက်ကုန်များ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနတည်ထောင်ရေး၊ မြန်မာနိုင်ငံတွင် ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ် (e - phyto) ထုတ်ပေးခြင်းနှင့် ဓါတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


