နေပြည်တော်    အောက်တိုဘာ    ၂၂

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Sonexay  Siphandone အား ယနေ့နံနက် ပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံအလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသည်။

 

ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများအကြား အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက် ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်တို့အား လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံ ကတိကဝတ်တို့ဖြင့် ပုံမှန်အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နယ်စပ်ဖြတ်ကျော် အလုပ်သမားများ၏ အထောက် အထားထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း အလုပ်သမားရေးရာ နှင့်ပတ်သက်သည့် စိန်ခေါ်မှုများ ကို အလေးထားပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် အထောက် အကူပြုစေမည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗီယင်ကျန်းမြို့ရှိ Alpilao International Sole Limited စက်ရုံသို့ သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံပြီး အလုပ်သမားများ အနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေး ထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက် ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း၊ တရားမဝင်နည်းလမ်းများမှ တစ်ဆင့် လွှဲပြောင်းပေးပို့လာသည့်အတွက် အလုပ်သမားများအနေဖြင့် ငွေကြေးလိမ်လည်ခံရမှုများ ကြုံတွေ့ရလျက်ရှိကြောင်း၊ အလုပ်သမားများရရှိမည့် အခြေခံလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လည် လွှဲပြောင်းပေးပို့စေခြင်းသည် နိုင်ငံတော်သို့လွှဲပြောင်းပေးပို့ရခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့သာ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ခိုင်းခြင်းဖြစ်သည်ကို သိရှိနားလည်စေလိုကြောင်း ရှင်းလင်းပြောကြားပြီး စက်ရုံများမှ မြန်မာအလုပ်သမားများအတွက် သီတင်းကျွတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)