နေပြည်တော် ဇူလိုင် ၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံအလိုက် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (MOEAA) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အခြားဟူ၍ နိုင်ငံအလိုက် အသင်းငယ်များ ဖွဲ့စည်းထားကြောင်း၊ MOEAA သည် အေဂျင်စီ ပေါင်း ၅၀၀ ကျော်ရှိသဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းများ ဖွဲ့စည်းပေးပြီး ပြည်ပသို့ အလုပ်သမား စေလွှတ်မှုကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအလိုက် အသင်းငယ်များ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပြည်ပရှိ အမှန်တကယ် အလုပ်အကိုင်များကို အလုပ်သမားများအနေဖြင့် ရရှိအောင် ဆောင်ရွက်ကြရာတွင် ဝန်ဆောင်ခအနေဖြင့် အနည်းဆုံးဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်ပအလုပ် လုပ်ကိုင်လိုသူ အလုပ်သမားများ အလိမ်မခံရစေရန် အသင်းများ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန်၊ အထူးသဖြင့် အလုပ်သမားများ ပြည်ပ မထွက်ခွာမီ စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ အစိုးရပုံမှန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန်၊ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရန် ပါရှိပြီးဖြစ်သဖြင့် အေဂျင်စီများအနေဖြင့် အလုပ်သမား စေလွှတ်ရုံမဟုတ်ဘဲ မိသားစုလွှဲပို့ငွေများ ပြန်ပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် စေလွှတ်စာရင်းအရ မှတ်တမ်းတင်ထားပြီး မိသားစု လွှဲပို့ငွေ ပြန်ပို့ခြင်း ရှိ၊ မရှိ စိစစ်နေပါကြောင်း၊ နိုင်ငံတော်အတွက် ဝင်ငွေကို တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးနေခြင်းဖြစ်၍ တာဝန်အပြင် စေတနာပါထည့်ပြီး ဆောင်ရွက်ရန်လိုကြောင်းနှင့် နိုင်ငံအလိုက် အသင်းခေါင်းဆောင်များ အနေဖြင့်တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များ၏ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းချက်များအပေါ် လိုအပ်သည်များ ရှင်းလင်းမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


