နေပြည်တော်၊ စက်တင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် စက်မှုလယ်ယာစခန်းခွဲများကို အဆင့်မြှင့်တင်၍ စက်မှုလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စီမံကိန်းနှင့် မြန်မာနိုင်ငံ ဆည်မြောင်းဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ အိန္ဒိယနိုင်ငံမှ အရည်အသွေး ကောင်းမွန်သော ပဲမျိုးစုံနှင့် ကြက်သွန်နီမျိုးစေ့များ၊ ပိုးမွှားဒဏ်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိပြီး ဂွမ်းမွေးအရည်အသွေး ကောင်းမွန်သည့် ဝါမျိုးသစ်များ ရရှိရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သုတေသနပညာရှင်များ ပူးပေါင်း၍ ဝါမျိုးသစ် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာများ၊ အိန္ဒိယ နိုင်ငံ အာသံစိုက်ပျိုးရေးတက္ကသိုလ်၌ လက်ဖက်စိုက်ပျိုးနည်းပညာအထူးပြု စေလွှတ် နိုင်ရေး၊ နို့စားနွားမွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်းများအဆင့်မြှင့်တင်မှု နည်းပညာ ဖြန့်ဝေရေး၊ ပြည်တွင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်လျက်ရှိသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်