နေပြည်တော် ဇူလိုင် ၇

 

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဧကဒဿမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ MELIA Yangon Hotel ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ အသင်းဝင်အေဂျင်စီများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံသို့သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅ ရာနှုန်းကို တရားဝင် ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်လွှဲပို့စေရေးအတွက် တာဝန်ခံစေလွှတ်သော အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများ ရှိရာသို့ သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် အလုပ်သမားထွက်ခွာမှု စာရင်းများမှတစ်ဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများကို စနစ်တကျမှတ်ပုံတင် ထားရှိနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်လျက် ရှိသည့် MOEAA နှင့် အေဂျင်စီများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အကျိုး၊ အေဂျင်စီများ၏အကျိုးအား ရှေးရှု၍ လုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် သတ်မှတ်ဝန်ဆောင်ခများထက် ပိုမိုကောက်ခံခြင်းမပြုရန်၊ ကျင့်ဝတ်နှင့် လျော်ညီသည့် အေဂျင်စီများဖြစ်စေရေး လိုက်နာဆောင်ရွက်ပေးကြရန်၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဌာနမှ သတ်မှတ်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြရန်၊ အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် စနစ်တကျ မှန်မှန်ကန်ကန် စေလွှတ်ရန်၊ မိမိတို့စေလွှတ်ထားသည့် အလုပ်သမားများအား ကူညီစောင့်ရှောက်ပေးကြရန်နှင့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ လိုက်ပါဆောင်ရွက်၍ ကူညီဖြေရှင်းပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားဥပဒေပါ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များရရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် စေလွှတ်နိုင်ငံအလိုက် အေဂျင်စီများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်