မန္တလေး နိုဝင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအားတွေ့ဆုံပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသ ပေးနေမှုအခြေအနေများ၊ အတွင်းလူနာအဖြစ်ကုသပေးသည့် ကုသဆောင်များ၊ ကျောက်ကပ်သန့်စင်ဆေးကြောနေသည့် လူနာဆောင်သို့သွားရောက်၍ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမားဦးရေ (၁၂၃၄၄၅)ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃)ခန်း၊ ဌာနကြီးဆေးခန်း (၉)ခန်း၊ စာချုပ်ဆေးခန်း (၇)ခန်းတို့ ဖွင့်လှစ်၍ ဧပြီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာပေါင်း (၆၉၉၁၀)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၆၃) ခန်း၊ Capitation Payment ဆေးခန်း (၈)ခန်းနှင့် မီးဖွားခြင်းနှင့်ဆိုင်သော ဆေးရုံ/ဆေးခန်း (၁၆)ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလမှ အောက်တိုဘာလအထိ လူနာဦးရေ (၄၄၇၉)ဦးအတွက် ဆေးဖိုး ကုန်ကျငွေကျပ် ၄၆၃ ဒသမ ၄၀၈ သန်း ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


