နေပြည်တော် ဖေဖော်ဝါရီ ၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဖေဖော်ဝါရီ ၅ ရက်က ပျော်ဘွယ်မြို့နယ်ရှိ DOA-OISCA စိုက်ပျိုးရေးနှင့် ခေါင်းဆောင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်းတန်းသားများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

သင်တန်းကျောင်းကို OISCA International (Japan)အဖွဲ့က မြန်မာနိုင်ငံရှိ မျိုးဆက်သစ်တောင်သူ လူငယ်များကို ဓာတုလွတ်နည်းပညာဖြင့် စပါးစိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်ပြုလုပ်နည်းများ သင်ကြားပေးရန်၊ စိတ်ဓာတ်ခိုင်မာ၍ ကြိုးစားအား ထုတ်သူများမွေးထုတ်ပေးရန်၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အနာဂတ်တွင် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ပြုစုမွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ သင်တန်းသား (၄၃၀)ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမင်းလှကန် ရေသွယ်မြောင်း၊ ရေသွင်းမြောင်းများနှင့် ရေသောက်စနစ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် ရေသောက်ဧရိယာများ အကျိုးရှိထိရောက်စွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ညောင်ရမ်း-မင်းလှကန်သည် ရှေးမြန်မာမင်းများ ဆည်ဖို့ခဲ့ပြီး နှစ်ပေါင်း(၉၀၀)ကျော် သက်တမ်းရှိပြီဖြစ်ကာ တောင်ပိုင်းရှိ ညောင်ရမ်းရွာကို အစွဲပြု၍ ညောင်ရမ်းကန်ဟု လည်းကောင်း၊ မြောက်ပိုင်းရှိ မင်းလှရွာကို အစွဲပြု၍ မင်းလှကန်ဟု လည်းကောင်း၊ ကန်ရေတစ်ဆက် တစ်စပ်တည်းဖြစ်သဖြင့် ညောင်ရမ်း-မင်းလှကန်ဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် မင်းလှကန်နှင့် ညောင်ရမ်းကန် ဆက်စပ်သည့်နေရာမှ ပေရှည် (၅၂၀၀)ရှိ ရေခြားတမံတစ်ခု တည်ဆောက်ခဲ့ခြင်းကြောင့် ညောင်ရမ်းကန်နှင့် မင်းလှကန်ဟု သီးခြားဖြစ်ပေါ်ခဲ့ပြီး သာစည်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၀)ရှိ ရေသောက်ဧရိယာကို စိုက်ပျိုးရေ အကျိုးပြုလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန်ပေါင်ပုံစံကျမြေဖို့ပြုပြင်ခြင်း၊ မောင်းတိုင်ရေပိုလွှဲ၊ ရွှေကူရေပိုလွှဲ၊ သောတာပန် ရေပိုလွှဲတို့တွင် Wheel Track  အား ကွန်ကရစ်လောင်းခြင်း၊  အမှတ် (၁) (၂) (၅) (၆) မြောင်းများ သဲနုန်းတူးဖော်ခြင်းနှင့် ပုံစံကျပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၃)မြောင်းနှင့် အမှတ်(၄)မြောင်းများ ပုံစံကျပြုပြင်ခြင်းနှင့် တူးမြောင်းအဆောက်အအုံများ ပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ညောင်ရမ်း-မင်းလှကန် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ရေသောက်ဧရိယာအတွင်းရှိ (၂၇၂၀၁)ဧကကို မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆဲဥပဒေများနှင့်  ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာရှိကြရန်နှင့် အခက်အခဲများရှိပါက စနစ်တကျတင်ပြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်