နေပြည်တော် စက်တင်ဘာ ၁၄
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ရှိ ဆည်တမံများ၏ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှု၊ ရေများအမြန်ဆုံး ပြန်လည်လျှော့ကျစေရေးအတွက် ရေနုတ်မြောင်းများတွင် ရေထုတ်နုတ်မှုမြန်ဆန်စေရေး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်တပ်ကုန်းမြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကင်းသာရေထိန်းတမံ၏ ရေသိုလှောင်နိုင်မှု၊ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ရေထိန်းတမံအတွင်းသို့ သိုလှောင်နိုင်သည့်ပမာဏထက် များစွာပိုမိုသော ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာမှု၊ ရေနှင့်အတူ သစ်လုံးကြီးများ အမှိုက်ဒိုက်သဲနုန်းများ တမံအတွင်းသို့ ဝင်ရောက်လာမှု၊ ရေပိုလွှဲတံတားမှ စတင်ရေကျော်စီးဆင်းမှု၊ ရေများထပ်မံ တိုးဝင်မြင့်တက်လာပြီး တမံထိပ်ပြင်ပေါ် ရေကျော်ခြင်း၊ တမံရေတိုက်စားခြင်းများ ဆက်လက်ဖြစ်ပေါ်ခဲ့မှုနှင့် တမံထိခိုက်ပျက်စီးခဲ့မှု ဖြစ်စဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သောပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ အမြန်ဆုံးလုပ်ဆောင်နိုင်ရေး၊ ထူးကဲသောမိုးရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားပြီး ပတ်ဝန်းကျင်ဒေသများထိခိုက်ခဲ့မှုအပေါ် လိုအပ်သောကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး မှာကြားသည်။
ကင်းသာရေထိန်းတမံ ထိခိုက်မှုရှိခဲ့သော်လည်း တမံအလျား ၂၃၀ ပေခန့်သာ ကျိုးပေါက်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်တမံပေါင်များ ထိခိုက်ပျက်စီးမှုမရှိဘဲ တမံအတွင်း သဲနုန်းများဖုံးလွှမ်းလျက်ရှိသကဲ့သို့ ကင်းသာရေထိန်းတမံအောက်ပိုင်းရှိ လယ်မြေများတွင် သဲနုန်းများ ဖုံးလွှမ်းပျက်စီးခြင်း၊ ချောင်းရိုးပြောင်းလဲခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း အချို့ကုန်းမြင့်ပိုင်းလယ်များမှာ လုံးဝထိခိုက်မှုနှင့် ရေဖုံးလွှမ်းမှုမရှိသည်ကိုတွေ့ရှိရပြီး ထိခိုက်မှုမရှိသော လယ်မြေများကို မြေဆီဩဇာ အပြည့်အဝသုံးစွဲပြီး ပန်းတိုင်အထွက်ရရှိအောင် ဆောင်ရွက်ပံ့ပိုးကူညီပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းဆည်ရေသောက်ဧရိယာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည့် နေရာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ရေထုတ်နုတ်မှုပိုမိုမြန်ဆန်စေရန် ဒေသခံများ ထိခိုက်မှုမရှိနိုင်သည့် အနိမ့်ပိုင်း ချောင်းများ ရိုးများအတွင်းသို့ ရေများထုတ်နုတ်နိုင်ရေးအတွက် လိုအပ်သော စက်ယန္တရားများ အသုံးပြု၍ အမြန်ဆုံးဆောင်ရွက်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်