နေပြည်တော်၊ ဩဂုတ် ၁၂

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမတွင် ကျင်းပသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ကျင်းပမည့် အမျိုးသားအားကစား ပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်စသည့် ဦးတည်ချက်များဖြင့် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်အကြီးအကဲက အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်၍ အားပေးဆောင်ရွက် ရမည်ဟု လမ်းညွှန်ထားရှိသဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လစဉ်အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး ထူးချွန်သည့် အားကစားသမားများကို ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစား သမားများကို အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့် ဌာနများက လိုအပ်ချက်များမရှိအောင် စီမံဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်သည့်အပြင် အားကစားနည်းများအလိုက် နည်းပြ များဖြင့် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ပြိုင်ပွဲဝင်မည့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့် ညွှန်ကြားရေးမှူးချုပ်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ဂေါက်သီးရိုက်နှင့် ပြေးခုန်ပစ် အားကစားနည်းများကို ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်