နေပြည်တော် ဖေဖော်ဝါရီ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင် စိုက်ပျိုးမြေ(၆) ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက်စိုက်ပျိုးနည်း(strip Cropping) စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့  ကွင်းဆင်းစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်စေရေး၊ သဘာဝပတ် ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အဓိကသီးနှံမပေါ်မီ ကြားသီးနှံမှ အပိုဝင်ငွေရရှိရေးတို့အတွက်  နည်းပညာ ပေးလုပ်ငန်းများအပါအဝင် ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာအနီးရှိ တည်ဆောက်ဆဲ လျှပ်စစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွင်း တူးမြောင်း အလျား (၉၀၀၅)ပေ ဆောင်ရွက်ပြီးစီးပါက အကျိုးပြုဧရိယာ (၄၅၀) ဧကသို့ နွေသီးနှံ စိုက်ပျိုး ရာသီအမီ စိုက်ပျိုးရေ ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာ တများရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေး၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ကြံဖိုကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည်။ 

ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းဘေး ဝဲ၊ ယာတွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၆ လက်မ စက်ရေတွင်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တောင်ဘက်ခြမ်း၌ (၄)တွင်း၊ မြောက်ဘက်ခြမ်းတွင်(၄)တွင်း တူးဖော်၍ Solar ရေတင်စနစ်တပ်ဆင် ဆောင်ရွက်ပေးခဲ့ပြီးဆင်သေချောင်းအတွင်း အေးမြင့် သာယာ ယာယီရေထိန်းဆည်ပြုလုပ်၍ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့၍ တင်းဝါးချောင်းကို တူးဖော်ပြီး နေရောင်ပြအင်း ရေမြှင့် ရေထိန်းတံခါးဖြင့် ချောင်းအတွင်း ရေသိုလှောင်၍ စိုက်ပျိုးရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ပင်လောင်းလမ်း တောင်ဘက်ခြမ်းတွင် စိုက်ပျိုးရေလုံလောက်စွာရရှိခဲ့သည့်နည်းတူ စက်ရေတွင်း(၄)တွင်း ကိုသာအသုံးပြုရလျက်ရှိ သည့် ပင်လောင်းလမ်းမြောက်ဘက်ခြမ်းရှိ စိုက်ပျိုးမြေများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကြံဖိုစုကျေးရွာအနီး ဆင်သေချောင်းလျှပ်စစ်ရေ တင်လုပ်ငန်းကိုဆောင်ရွက်ခြင်းဖြစ်သည်။ အလားတူ တင်းဝါးချောင်းပေါ်ရှိ မူလနတ် မြောင်းရေထိန်းတံခါးကို ပြန်လည်ပြုပြင်ပေးပြီး ချောင်းအတွင်းရေသိုလှောင်ကာ ရွေ့လျား ဆိုလာရေတင်စနစ်၊ ဒီဇယ်အင်ဂျင် ရေတင်စနစ်များဖြင့် ရေတင်၍ တင်းဝါးချောင်း ဝဲ၊ ယာရှိ စိုက်ဧရိယာများတွင် တတိယသီးနှံဖြစ်သည့် နွေသီးနှံကို စိုက်ပျိုးရေပေးဝေရန် စီမံဆောင်ရွက် လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံတွင် ပြည်သူများ၏ တစ်ပိုင်တစ်နိုင် မွေးမြူရေးတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များကို ဆေးကုသပေးနေမှုကို ကြည့်ရှုပြီး တိရစ္ဆာန် ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာနည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို  ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်