ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်ရှိ လူမှုဖူလုံရေး - ဘေးမခ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းကို လှည့်လည်ကြည့်ရှုကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၉၀၄,၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ် သမားဆေးရုံကြီး (၂) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂၂) ခန်း၊ ဌာနကြီးဆေးခန်း (၁၈) ခန်း၊ စာချုပ်ဆေးခန်း (၃၅) ခန်း၊ တိုင်းရင်းဆေးကုခန်း (၁) ခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာ ၆၃၃,၃၆၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပြီး လူနာဦးရေ ၁၀၃,၀၇၃ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၇,၈၅၅ဒသမ၇၇၈ သန်း ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ သွားရောက်၍ ဂဟေဆက်သင်တန်း၊ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းများ စာတွေ့၊ လက်တွေ့ သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းကျောင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် NSSA မှ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန(၂၅၆) ခုမှ အလုပ်အကိုင် အမျိုးအစား (၄၀) အတွက် ကျွမ်းကျင်လုပ်သား (၂၄,၄၂၃) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ NSSA အနေဖြင့် ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေရုံသာမက အာဆီယံဒေသတွင်းရှိ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး (Mutual Recognition of Skills - MRS) ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ UMFCC အထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်းစဉ်