နေပြည်တော် စက်တင်ဘာ ၈

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၈၉၀၀၀၀)ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင် အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ ဌာနကြီးဆေးခန်း (၁၈)ခန်း၊တိုင်းရင်း ဆေးခန်း(၁)ခန်း၊ စာချုပ်ဆေးခန်း(၃၀)၊  မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း (၁၀)ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အာမခံအလုပ်သမား လူနာပေါင်း (၆၂၅၇၆၃)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို ထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service Payment ဆေးခန်း (၂၀) ၊ Capitation Payment ဆေးခန်း (၂၆) ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း(၁၂) ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ (၅၂,၇၉၂) ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၄,၂၇၀ ဒသမ ၀၉၃ သန်း ပေးခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်သည့် ကြွေပြားကပ်လုပ်သား အလုပ်အကိုင်သင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲသို့  ရန်ကုန်တိုင်ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း တာဝန်ခံနှင့် တာဝန်ရှိသူများ၊ SOILBUILD CONSTRUCTION GROUP LTD မှ တာဝန်ရှိသူများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) အတွင်း လှည့်လည်ကြည့်ရှုပြီး လုပ်သားဈေးကွက်လိုအပ်ချက်ရှိသည့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်လျက်ရှိသည့် စီမံကိန်းပါ လုပ်ငန်း စဉ်များကို MoU ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training ၌ ရုံးခန်းဖွင့် လှစ်ဆောင်ရွက်လျက်ရှိသည့် နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်)၊ သင်္ဃန်းကျွန်း မြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ မှာကြားပြီး သင်တန်းကျောင်းဝန်းအတွင်း ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် အဆောက်အဦများ ထိန်းသိမ်း ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက် နေသော Arao Co., Ltd အထည်ချုပ်စက်ရုံသို့  သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)