နေပြည်တော်၊ ဒီဇင်ဘာ  ၁၀

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ယနေ့နံနက်ပိုင်းတွင်  နွန်ထပူရီမြို့ရှိ အလုပ်သမားသံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသစ်သို့ သွားရောက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ သံအရာရှိရုံးသို့ အကူအညီတောင်းခံလာသည့် အလုပ်သမားများအတွက် ခေတ္တတည်းခို နေထိုင်မည့်နေရာများ၊ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) နှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)  ရုံးခန်းဖွင့်လှစ်မည့် နေရာများအား ကြည့်ရှုစစ်ဆေးကာ အဆောက်အဦငှားရမ်းရေး စာချုပ်ချုပ်ဆိုပြီး MOEAF မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

အလုပ်သမားသံအရာရှိရုံး အနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် သက်ဆိုင်ရာနိုင်ငံမှ အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်မခံရစေရန် ကာကွယ်စောင့်ရှောက်မှုများပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝ ရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားရေးရာ အခက်အခဲများကို သက်ဆိုင်ရာနိုင်ငံရှိ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ အလုပ်သမား သံအရာရှိတစ်ဦး ခန့်ထားဆောင်ရွက်ခဲ့သော်လည်း အလုပ်သမားအရေအတွက် များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ (၅) ဦးကို တာဝန်ပေးစေလွှတ်ခဲ့ကြောင်း၊ MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးကို အလုပ်သမားသံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ် တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့်အလုပ်သမားသံအရာရှိ (၁) ဦးကိုလည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂/ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့်  အလုပ်သမားနှင့် CI ထုတ်ပေးမှု အရေအတွက်မှာ (၁ဒသမ၁) သန်း၊ MoU လူသစ်သည် (၀ဒသမ၄၄) သန်း၊ MoU လူဟောင်း (၀ဒသမ၁၆) သန်း၊ စုစုပေါင်း (၁ဒသမ၇) သန်းအပြင် ယခု CI ထပ်ဆောင်ရွက်ရန် (၈) သိန်းကျော်ရှိရာ အကြမ်းဖျဉ်းအားဖြင့် (၂ဒသမ၅) သန်းရှိကြောင်း  ခန့်မှန်းထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

သတင်းစဉ်