နေပြည်တော် ဒီဇင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ယှဉ်ပြိုင်မည့် အားကစား သမားများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစား မောင်မယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစားပြုလုပ်ခြင်းကြောင့် တစ်ကိုယ်ရည်ကျန်းမာရေး အကျိုးရလဒ်ရရှိခြင်းအပြင် အသင်းအဖွဲ့နှင့် ဆောင်ရွက်ရခြင်းကြောင့် အချင်းချင်း စည်းလုံးညီညွတ်စေသည့် စုပေါင်းစိတ်ဓာတ်ကို လည်းရရှိစေမည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအတွက် အကောင်းဆုံးစွမ်းဆောင်၍ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမားများ အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွင် ချီတက်မည့် ဝန်ကြီးဌာနအသင်း လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာနမှ ဂေါက်သီးရိုက် အားကစားနည်း၊ ဖူဆယ်အားကစားနည်း၊ ပိုက်ကျော်ခြင်း အားကစားနည်းနှင့် ပြေးခုန်ပစ် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


