ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ   ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၁၆
    
"၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ" ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင် နှင့် ဦးဇော်အေးမောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။    
    
နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)အသင်းလိုက်  ရှုံး/ထွက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး (အမျိုးသား)တတိယလုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက (၄)ပွဲ(၃)ပွဲဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်း ဒေသကြီးအသင်းက (၄)ပွဲ(၃)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)တတိယလုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ် အသင်းနှင့်ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက (၄)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက (၅)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။  
    
မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပရာ (အမျိုးသား) အသင်း လိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ကချင်ပြည်နယ်အသင်းက (၅)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ် အသင်းက (၅)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
    
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ (အမျိုးသား) အသင်း လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း ကလည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် အမျိုးသား(-၇၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကလည်းကောင်း၊ အမျိုးသား(-၈၁)ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသား (-၉၀)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကလည်ကောင်း၊ အမျိုးသား(+၉၀) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသမီး(-၆၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး က လည်းကောင်း၊ အမျိုးသမီး(-၇၀)ကီလိုတန်းနှင့်(+၇၀)ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့်ပူးတွဲတတိယဆုရရှိကြသူများကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင် ကလည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။
    
ဆက်လက်၍ ပြိုင်ပွဲတွင်(အမျိုးသား)အကောင်းဆုံးဆုနှင့်(အမျိုးသမီး)အကောင်းဆုံးဆု ရရှိသည့် မောင်ဖြိုးသက်ဇော်(ကချင်)နှင့် မတင်ဇာမြင့်(ကချင်)တို့ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁)သိန်းစီကို လည်းကောင်း၊ ရွှေ(၄)ခု၊ ငွေ(၅)ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ ရွှေ(၇)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကလည်းကောင်း၊ ရွှေ(၁၁)ခု၊ ငွေ(၇)ခု၊ ကြေး(၂)ခုဖြင့် စုပေါင်း တံခွန်စိုက်ရရှိသည့် ကချင်ပြည်နယ်အသင်းအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကလည်းကောင်း တံခွန်စိုက်ဆုများအားပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌက တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို ထပ်မံဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)