နေပြည်တော်၊ ဩဂုတ် ၂၄
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများက ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (မီတာ ၅၀၀၀ လမ်းလျှောက်၊ အလျားခုန်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ တန်းကျော်၊ ကြိုးတပ်သံလုံးပစ်၊ မီတာ ၂၀၀၀ တားဆီးကျော်ပြေး) ပြိုင်ပွဲများနှင့် အမျိုးသား (ကြိးတပ်သံလုံးပစ်၊ မီတာ ၈၀၀၊ မီတာ ၂၀၀၊ အလျားခုန်၊ မီတာ ၄၀၀ တန်းကျော်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ယမန်နေ့ကျင်းပခဲ့သည့် ပြိုင်ပွဲများဖြစ်သော အမျိုးသား (မီတာ ၁၀၀၀၀ လမ်းလျှောက်၊ မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ အမျိုးသမီး မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (သံပြားဝိုင်းပစ်၊ မီတာ ၄၀၀၊ တန်းမြင့်ခုန်၊ ၁၀၀x၄ လက်ဆင့်ကမ်း) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်လက်ရွေးစင် အားကစားသမားဟောင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယနေ့ပြိုင်ပွဲများအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အဆင့်ရပ်တည်မှုအနေဖြင့် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၂ ခုဖြင့် ရှမ်းပြည်နယ်အသင်းက ပထမ၊ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခုဖြင့် တနင်္သာရီတိုင်းဒေသကြီး အသင်းက ဒုတိယ၊ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၆ ခုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တတိယ၊ ရွှေတံဆိပ် ၂ ခုဖြင့် မန္တလေး တိုင်းဒေသကြီးအသင်းက စတုတ္ထနေရာများတွင် ရပ်တည်နိုင်ခဲ့ကြသည်။
ဩဂုတ် ၂၅ ရက်နံနက် ၆ နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁) တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (မီတာ ၅၀၀၀၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၁၁၀ တန်းကျော်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများနှင့် အမျိုးသမီး (မီတာ ၃၀၀၀၊ မီတာ ၁၀၀ တန်းကျော်၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


