နေပြည်တော် ဇန်နဝါရီ ၂၁

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများ၊ အားကစား သမားများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း Gold Camp ရှိ Gold Medal Hall ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၉ရက်မှ ၂၀ ရက်အထိ အားကစားနည်း ၅၀ ခန့်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၄မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လေ့ကျင့်ချိန်ရှစ်လသာကျန်ပြီး စံချိန်သစ်တင်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် ကြိုးစားလေ့ကျင့်ကြရန်၊ ကျန်းမာရေးဂရုစိုက်ရန်နှင့် အရည်အသွေးများတိုးတက်အောင် နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျ လိုက်နာကြရန်လိုကြောင်း၊ အောင်မြင်မှုရရှိရန် ဘေးမှ တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုများအပြင် အားကစားသမားများကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစားကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

 

တွေ့ဆုံပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ၊ အားကစား သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)