နေပြည်တော်၊ ဖေဖော်ဝါရီ ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အကြိမ် (၅၀)မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/ အမျိုး သမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိ ပတ်လမ်းတွင် ကျင်းပသည်။
ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသား (၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အမျိုးသား မီတာ(၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ (၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး (၉) ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား (၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၁၈ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် မီတာ (၅၀၀) တစ်ဦးချင်းပြိုင်ပွဲ၌ မသမုဒယ (မန္တလေး)မှ တင်ထားသည့် စံချိန် (၄၃ ဒသမ ၀၅)စက္ကန့်ကို စံချိန် (၄၂ ဒသမ ၀၉) စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည့် မစိုးစန္ဒာဝင်း (တနင်္သာရီ)နှင့် ၂၀၂၀ ပြည့်နှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲတွင် မီတာ (၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၌ မောင်ကောင်းစည်သူ(ပဲခူး) မှ တင်ထားသည့် စံချိန်( ၁ မိနစ် ၀၈ ဒသမ ၇၈ ) စက္ကန့်ကို စံချိန် (၁ မိနစ် ၀၇ ဒသမ ၁၆) စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည့် မောင်ရှိုင်းထက်အောင် (မန္တလေး) တို့ကိုလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးဆုရရှိသည့် မမိုးမိုးကြည် (တနင်္သာရီ)၊ အမျိုးသား အကောင်းဆုံးဆုရရှိသည့် မောင်ရှိုင်းထက် အောင် (မန္တလေး)တို့ကိုလည်းကောင်း၊ ရွှေ(၃) ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆု ရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသားတံခွန်စိုက် ဒိုင်းဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


